(AFP)

ဂါဇာဒေသ စစ်ပွဲ

စစ်ပွဲကြီး ဖြစ်ပွားပုံ အချိန်ဇယား

အောက်တိုဘာလမှာပဲ အရှေ့အလယ်ပိုင်း၊ ဂါဇာကမ်းမြောင်စစ်ပွဲ တနှစ်တင်းတင်းပြည့်ပါတယ်။ အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့ ဟာမတ်စ်အဖွဲ့ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးတောင်ပိုင်းကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ စစ်ပွဲ စတင်ခဲ့တာပါ။ အဲဒီအချိန်ကစလို့ နှစ်ဘက် စစ်ဆင်ရေးတွေ၊ သံတမန်ရေး၊ နိုင်ငံရေး အစပျိုး လုပ်ဆောင်မှုတွေနဲ့ အစ္စရေး၊ ပါလက်စတိုင်း သမိုင်းတလျှောက် လူအသေအပျောက်အများဆုံး စစ်မီးကြီး တောက်လောင်နေပါတယ်။

(AFP)

အောက်တိုဘာ ၇ နံနက်ခင်း၊ ၂၀၂၃

ဟာမတ်စ်က အစ္စရေးကို ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဆက်လက်ပိတ်ဆို့ထားတာ၊ အနောက်ဖက်ကမ်းဒေသက အစ္စရေးအခြေချနေထိုင်သူရဲ့ အကြမ်းဖက်တာတွေနဲ့ ပါလက်စတိုင်းတွေကို အကျဉ်းချမှုတွေ လုပ်ဆောင်လို့ ဆိုပြီး ဟာမတ်စ်နဲ့ တခြားပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တွေ ပူးတွဲတိုက်ခိုက်မယ်လို့ ကြေညာပါတယ်။ စစ်သွေးကြွတွေက ဘူတိုဇာတွေ၊ မော်တောဘုတ်တွေနဲ့ လေပျံဝဲယာဉ််တွေ အသုံးပြုပြီး တောင်ပိုင်းနယ်စပ်ကို ထိုးဖောက်ဝင်ရောက်တဲ့ တချိန်တည်းမှာပဲ ဂါဇာဒေသကနေ ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေကို အစ္စရေးထဲကို ပစ်ခတ်ခဲ့ပါတယ်။

အောက်တိုဘာ ၇၊ ၂၀၂၃

အစ္စရေးနွယ်ဖွားနဲ့ နိုင်ငံခြားသား ၁,၂၀၀ နီးပါး သတ်ခံရ၊ ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ

စစ်သွေးကြွတွေဟာ အစ္စရေးရဲဌာနတွေ၊ စစ်အခြေစိုက်စခန်းတွေနဲ့ နယ်စပ်ဂိတ်တွေအပြင် အရပ်သားတွေ အခြေချနေထိုင်တဲ့ရပ်ကွက်တွေ၊ အိမ်တွေနဲ့ လေဟာပြင်ဂီတပွဲတော် ၂ ပွဲကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၇ - ၉၊ ၂၀၂၃

အစ္စရေးက ဂါဇာကို ထိန်းချုပ်လိုက်ပြီး လက်တုန့်ပြန်

အငိုက်မိ တိုက်ခိုက်ခံရပြီးနောက် အစ္စရေးတွေ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာ၊ အရန်တပ်ဖွဲ့တွေခေါ်ယူပြီး IDF အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက ချက်ချင်းဆိုသလို တန်ပြန်တိုက်ခိုက်လို့၊ စစ်သွေးကြွတွေ ပြန်ဆုတ်သွားရပါတယ်။ အစ္စရေးက ဂါဇာနယ်စပ်ဝင်ထွက်ပေါက် အားလုံးကို ပိတ်ပြီး စားရေရိက္ခာနဲ့ စွမ်းအင်ဖြတ်တောက်၊ မသင်္ကာဖွယ် ဟာမတ်စ်စခန်းနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပါတယ်။

အောက်တိုဘာ ၈ -၁၁၊ ၂၀၂၃

၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်ကြေညာ

အစ္စရေးအစိုးရက ဟာမတ်စ်ကို တရားဝင် စစ်ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အတိုက်အခံခေါင်းဆောင် ဘန်နီ ဂန့်ဇ်နဲ့ပေါင်းပြီး အရေးပေါ်ညီညွတ်ရေးအစိုးရ ဖွဲ့စည်းခဲ့ပါတယ်။

(AFP)

အောက်တိုဘာ ၁၃၊ ၂၀၂၃

လေကြောင်းတိုက်ခိုက်မှုတွေ ဂါဇာအနှံ့ တိုးချဲ့ပြုလုပ်

အစ္စရေးတပ်ဖွဲ့တွေက နယ်စပ်ဖြတ်စီးနင်းမှုတွေ စတင်လိုက်သလို ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူ ၁ သန်းကျော်ကို တောင်ပိုင်းကို ရွှေ့ဖို့ အမိန့်ထုတ်ပါတယ်။ ဒါပေမဲ့ ဘေးကင်းနယ်မြေ အပါအဝင် ဂါဇာကမ်းမြောင်တခုလုံးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့တာပါ။

(Reuters)

အောက်တိုဘာ ၁၇၊ ၂၀၂၃

ဂါဇာက အဲ့ဟ်လီဆေးရုံမှာ လူ ၁၀၀ ကျော် သေဆုံးရl

အစပိုင်းသတင်းတွေမှာ IDF လေကြောင်းတိုက်ခိုက်မှုကိုပဲ အပြစ်တင်နေရာကနေ နောက်ပိုင်းသုံးသပ်ချက်တွေမှာတော့ ပါလက်စတိုင်းဒုံးကျည်တခု မှားပစ်မိတာလို့ တွေ့ရပါတယ်။ အကြောင်းအရင်းမှန်ကိုတော့ တိတိပပ မသိရပါဘူး။

(AFP)

အောက်တိုဘာ ၂၁၊ ၂၀၂၃

လူသားချင်းစာနာမှုအကူအညီများ ပြန်ပေးအပ်နိုင်

အောက်တိုဘာ ၉ ရက်မှာကတည်းက ပိတ်ထားတဲ့ ရာဖာနယ်စပ်ဂိတ်ကို အီဂျစ်က ကြားဝင်ညှိနှိုင်းပေးလို့ လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်နဲ့ ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။.

(AFP)

အောက်တိုဘာ ၂၇၊ ၂၀၂၃

IDF တပ်ဖွဲ့တွေ ဂါဇာကမ်းမြောင်ကို မြေပြင်ထိုးစစ် အပြည့်စတင်

ဟာမတ်စ်ကို နှိမ်နင်း၊ ဓားစာခံတွေကို ကယ်တင်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ဆင်ရေးအရ IDF တပ်ဖွဲ့တွေက ဂါဇာဒေသကို အဆက်အသွယ်လမ်းကြောင်းတွေ ဖြတ်တောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်ပါတယ်။ အောက်တိုဘာလကုန်ရောက်တော့ ဂါဇာမြောက်ပိုင်းက အဆောက်အအုံ ၃ ပုံ ၁ ပုံ ပျက်စီးထိခိုက်ခဲ့ပြီ ဖြစ်သလို ပါလက်စတိုင်း တသောင်းနီးပါး သေကျေခဲ့ရတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

(Reuters)

နိုဝင်ဘာ ၁ - ၁၄၊ ၂၀၂၃

စစ်ပွဲအရှိန်မြင့်လာပြီး အရပ်သားတွေ တိုက်ခိုက်ခံရ

ဂျာဘာလီယာလို မြို့တွေမှာ အစ္စရေးတပ်တွေနဲ့ ဟာမတ်စ်တပ်ဖွဲ့တွေအကြား စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားပါတယ်။ ဒီအတောအတွင်းမှာပဲ ဂါဇာအလယ်ပိုင်းက လူနေတိုက်ခန်းအဆောက်အဦးတခု၊ ဂါဇာစီတီမြို့ ရှီဖာဆေးရုံနားက လူနာတင်ယာဉ်နဲ့ နယ်စီးမထား ဆရာဝန်များအဖွဲ့ကားဆိုတာ သေချာမြင်နေရတဲ့ ယာဉ်တန်း အပါအအဝင် စစ်ရေးနဲ့ ပတ်သက်မှု သေချာမရှိတဲ့ အရပ်သားပစ်မှတ်တွေကို ပစ်ခတ်ခဲ့လို့ IDF ကို နိုင်ငံတကာက ဝိုင်းဝေဖန်ခဲ့ပါတယ်။ အစ္စရေးကတော့ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွဲချက်တွေကို ငြင်းပါတယ်။

(Reuters)

နိုဝင်ဘာ ၁၅၊ ၂၀၂၃

IDF က ရှီဖာဆေးရုံကို ဝင်စီး

ဆေးရုံကို ဝင်ရောက်စီးနင်းထားလို့ နိုင်ငံတကာဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်မှာ ဒီဆေးရုံကို ဟာမတ်စ်က ကွပ်ကဲရေးစခန်းအနေနဲ့ သုံးနေတာလို့ အစ္စရေးက စွပ်စွဲပြီး ဆေးရုံအောက်မှာ ဥမင်လှိုဏ်ခေါင်းတွေ တူးဖောက်ထားတာကို ဗွီဒီယိုအထောက်အထားနဲ့ ပြသပါတယ်။

(AFP)

နိုဝင်ဘာ ၂၄ - ၃၀၊ ၂၀၂၃

ကာတာ၊ အီဂျစ်နဲ့ အမေရိကန် ကြားဝင်စေ့စပ်တဲ့ ယာယီအပစ်အခတ် ရပ်စဲရေး စတင်

ပါလက်စတိုင်းအကျဉ်းသား ၂၄၀ နဲ့ လဲလှယ်ပြီး ဟာမတ်စ်က ဓားစာခံ ၁၀၅ ဦး လွှတ်ပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်ဆဲရေးသဘောတူအချက်တွေကို ဖောက်ဖျက်တယ်လို့ ၂ ဘက်အပြန်အလှန်စွပ်စွဲပြီး နောက်ထပ်ဓားစာခံတွေ လွှတ်ပေးဖို့ ညှိနှိုင်းလို့ မရတာကြောင့် အပစ်အခတ်ရပ်ဆဲရေးကြိုးပမ်းမှု ပျက်ပြယ်ခဲ့ရပါတယ်။

(AFP)

ဒီဇင်ဘာ၊ ၂၀၂၃

ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းကို အစ္စရေးတပ်တွေဆက်လက် ထိုးဖောက်

Khan Yunis လို မြို့ကြီးတွေမှာ ဒီကနေ့အချိန်ထိ အပြင်းထန်ဆုံးလို့ဆိုရမဲ့ တိုက်ပွဲတွေဖြစ်ခဲ့ရပါတယ်။ ပါလက်စတိုင်း ၂၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက လအကုန်မှာထုတ်ပြန်ပါတယ်။ ဒါဟာ လူဦးရေရဲ့ ၁% ဖြစ်ပါတယ်။ အလံဖြူပြပြီး အနားကပ်လာတဲ့ အစ္စရေးဓါးစာခံ ၃ ဦးကို အစ္စရေးစစ်သားတွေ မှားသတ်မိလို့ နိုင်ငံတွင်း အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါသေးတယ်။

(AFP)

ဇန်နဝါရီ ၂၂၊ ၂၀၂၄

တရက်ထဲမှာ အစ္စရေးစစ်သား သေဆုံးမှုအများဆုံးနေ့

ဂါဇာရဲ့ အရှေ့တောင်ပိုင်းနယ်စပ်နားက အဆောက်အအုံတွေကို ဖြိုချဖို့လုပ်ဆောက်စဉ် အစ္စရေး အရန်တပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးခဲ့ပါတယ်။ တချိန်တည်းမှာ အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်း ဟာမတ်စ်အဖွဲ့တိုက်ခိုက်ရေးလုပ်ဆောင်နိုင်စွမ်းတွေကို ဖြိုဖျက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပေမဲ့ စစ်သွေးကြွတွေကတော့ ကွဲသွားတဲ့အဖွဲ့တွေကို ပြန်စုနိုင်တဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

(Reuters)

ဇန်နဝါရီ ၂၆၊ ၂၀၂၄

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပဋိပက္ခဖြစ်လာတဲ့ အစ္စရေး

တောင်အာဖရိက စွဲချက်တင်ထားတဲ့အမှုကို နိုင်ငံတကာတရားရုံး (ICJ) က စစ်ဆေးပြီး လူမျိုးတုန်းသတ်ဖြတ်မှုမဖြစ်အောင် အစ္စရေးက လိုက်နာလုပ်ဆောင်ရမယ်လို့ ချမှတ်ပြီး အပစ်ရပ်ဖို့ကိစ္စတော့ မပါခဲ့ပါဘူး။ အဲဒီနေ့မှာပဲ အောက်တိုဘာ (၇) တိုက်ခိုက်ခံရမှုမှာ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ဝန်ထမ်းတွေပါဝင်နေတယ်လို့ အစ္စရေးက စွပ်စွဲလိုက်လို့ အမေရိကန်နဲ့ တခြားအလှူရှင်နိုင်ငံတွေကို ငွေထောက်ပံ့မှု ဆိုင်းငံ့ထားခဲ့ရပါတယ်။

(AFP)

ဖေဖော်ဝါရီ ၂၊ ၂၀၂၄

ဂါဇာတောင်ပိုင်း ရာဖာမြို့ကို ဆက်လက်ချီတက်မယ်လို့ အစ္စရေးကြေညာ

ဒီကြေညာချက်ကြောင့် နိုင်ငံတကာစိုးရိမ်ရမှု ပိုတိုးလာခဲ့ပါတယ်။ ရာဖာမြို့ဟာ အီဂျစ်ကူး နယ်စပ်ဂိတ်ရှိပြီး ဂါဇာဒေသတလွှားက အိုးအိမ်စွန့်ထွက်ပြေးလာသူ ပါလက်စတိုင်းဒုက္ခသည်တွေ ခိုလှုံရာဖြစ်နေလို့ပါ။

(AFP)

ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ဂျုံအိတ်တွေလာယူတဲ့ ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံး

လူသားချင်းစာနာမှုအကူအညီတွေသယ်လာတဲ့ ကုန်တင်ကားမှာ လူအုပ်ဝိုင်းအုံလာတာကို အစ္စရေး စစ်တပ်က ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးဘက်ကတော့ ဒါဟာ အချက်ပေးပစ်ဖောက်တာသာဖြစ်ပြီး သေဆုံးမှုအဓိကအကြောင်းအရင်းက ပြေးလွှားရင်း လူအုပ်ပိတဲ့အတွက်ဖြစ်ကြောင်း ခုခံပြောဆိုပါတယ်။

(AP)

မတ် ၂၀၂၄

အငတ်ဘေးကျရောက်နိုင်ခြေအတွက် စိုးရိမ်မှုတွေ မြင့်တက်

ပင်လယ်ရေလမ်းက အကူအညီတွေပို့ဆောင်ရေး အဆင်ပြေစေဖို့ ရေပေါ်ဆိပ်ခံတံတား တည်ဆောက်မယ်လို့ အမေရိကန်က ကြေညာပါတယ်။ တချိန်ထဲမှာပဲ နိုင်ငံတကာတရားရုံး ICJ က သူ့အမိန်ကို ထပ်ပြင်ပြီး အစားအစာနဲ့ ဆေးဝါးကုသမှုတွေ အထောက်အပံ့ပေးမှုတွေ အစ္စရေးက ခွင့်ပြုရမယ်လို့ ထည့်သွင်းလိုက်ပါတယ်။

(AP)

ဧပြီ ၁ - ၄၊ ၂၀၂၄

လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေအတွက် ကြီးမားတဲ့ထိုးနှက်ချက်

အမေရိကန်၊ ကနေဒါ၊ ပိုလန်၊ ဩစတြေးလျနဲ့ ဗြိတိန်နိုင်ငံသားတွေ ပါတဲ့ World Central Kitchen အကူအညီပေးရေးအဖွဲ့က ဝန်ထမ်း ၇ ဦး လိုက်ပါလာတဲ့ကား အစ္စရေးဒုံးကျည်ထိမှန်ပြီး သေဆုံးသွားရတဲ့အတွက် နိုင်ငံတကာကူညီရေးအဖွဲ့ အများအပြား လုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရပါတယ်။ အမေရိကန်က ဖိအားပေးတဲ့အတွက် ဂါဇာမြောက်ပိုင်းနယ်စပ်က Erez ဂိတ်ကို အစ္စရေးဘက်က စစ်စဖြစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဖွင့်ပေးခဲ့ရပါတယ်။

ဧပြီ ၇-၂၄၊ ၂၀၂၄

ဂါဇာတောင်ပိုင်းနေရာတော်တော်များများက အစ္စရေးတပ်တွေဆုတ်ခွာ

ဒီကြေညာချက်အပြီး ခနလေး အခြေအနေ ငြိမ်သက်သွားပြီးမှ အစ္စရေးက ရာဇာမြို့ ထိုးစစ်ရဲ့ ရှေ့ပြေးအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် စလုပ်လာပါတယ်။

မေ ၂၀၂၄

ရာဖာထိုးစစ် အစ္စရေးစတင်

ကနဦးအစီအစဉ်ကတော့ တမြို့လုံးအတိုင်းအတာနဲ့ ဝင်ရောက်သိမ်းပိုက်ဖို့ ဖြစ်ပေမယ့် အမေရိကန်ရဲ့ ကန့်ကွက်မှုကြောင့် ဝိုင်းရံပိတ်ဆို့မှုနဲ့ ပစ်မှတ်ထား ဝင်ရောက်စီးနင်းမှုတွေလောက်သာ ပြုလုပ်ခဲ့ပါတယ်။ ICJ တရားရုံးက ထိုးစစ်ကို ရပ်ဆိုင်းဖို့ အမိန့်ချပေမယ့် အစ္စရေးက ဒီဆုံးဖြတ်ချက် မလိုက်နာခဲ့ပါဘူး။

(Reuters)

ဇွန် ၈၊ ၂၀၂၄

Nuseirat ဒုက္ခသည်စခန်းကို အစ္စရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီး ဓါးစာခံ ၄ ဦးကိုကယ်တင်

ဒီစစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေးအကူအညီနဲ့ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

(AFP)

ဇူလိုင်၊ ၂၀၂၄

အစ္စရေး စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှု တိုးလာ

ဟာမတ်စ်အဖွဲ့ဝင်တွေ ခိုးအောင်းရာနေရာတွေလို့ အစ္စရေးဘက်က ပြောဆိုပြီး စာသင်ကျောင်းနဲ့ ဒုက္ခသည်စခန်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ပါလက်စတိုင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ ဂါဇာမြို့တော်က UNRWA ကုလအဖွဲ့ရုံးချုပ်လည်း ထိခိုက်ပျက်စီးသွားပါတယ်။

(AP)

ဇူလိုင် ၃၁၊ ၂၀၂၃

တီဟီရန်မှာ ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh လုပ်ကြံသတ်ဖြတ်ခံရ

ဒီလုပ်ကြံသတ်ဖြတ်မှုကို အစ္စရေးအစိုးရက တရားဝင်ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် အများကတော့ အစ္စရေးလက်ချက်လို့ မှတ်ယူပါတယ်။

(Reuters)

ဩဂုတ် ၃၁၊ ၂၀၂၄

ပိုလီယိုကာကွယ်ဆေးထိုးဖို့ အကန့်အသတ်နဲ့ စစ်ယာယီရပ်ဆိုင်း

ဂါဇာဒေသမှာ ၂၅နှစ်အတွင်း ပထမဆုံးအကြိမ် ပိုလီယိုရောဂါဖြစ်ပွားမှုကြောင့် နှစ်ဘက်တပ်တွေ တချို့နေရာတွေမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီး အလုံးအရင်းနဲ့ ကာကွယ်ဆေးထိုးခဲ့ကြပါတယ်။ ကာကွယ်ဆေးထိုးနှံမှုလုပ်ဆောင်တာက အောင်မြင်ပြီး ဂါဇာမှာ ပါလက်စတိုင်းကလေးငယ် ၉၀% ကို ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဂါဇာမှာ ပါလက်စတိုင်းသေဆုံးသူအရေအတွက်

50,000

၄၀,၇၃၈ သေဆုံး

40,000

30,000

20,000

10,000

0

အောက်တိုဘာ၊ ၂၀၂၃

ဇန်နဝါရီ၊ ၂၀၂၄

ဧပြီ၊ ၂၀၂၄

ဩဂုတ်၊ ၂၀၂၄

ရင်းမြစ် - ဂါဇာကျန်းမာရေးဝန်ကြီးဌာန

ဒေသတခုလုံး စစ်မီးကြီးတောက်လောင်နိုင်တဲ့ အခြေအနေရောက်နေပြီး ပါလက်စတိုင်းနွယ်ဖွား ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရ

စစ်ပွဲ တနှစ်ကြာလာချိန်မှာတော့ ဟာမတ်စ်အဖွဲ့ရဲ့ စစ်ရေးစွမ်းရည်ကို ဖြိုဖျက်နိုင်ခဲ့ပြီလို့ အစ္စရေးစစ်တပ်က အခိုင်အမာပြောထားပြီး အပစ်အခတ်ရပ်စဲရေးကတော့ အလှမ်းဝေးနေဆဲပါ။ တချိန်ထဲမှာ လက်ဘနွန်ထဲက အီရန်ကျောထောက်နောက်ခံ ဟက်ဇ်ဘိုလာအဖွဲ့၊ ယီမင်က ဟူသီသူပုန်တွေနဲ့ အစ္စရေးကြား တင်းမာမှုအရှိန် ဆက်မြင့်တက်လာနေပြီး စစ်မီးက ဂါဇာဒေသအပြင်ဘက်ထိပါ ပြန့်နှံ့လာနိုင်ချေရှိနေပါတယ်။

အောက်တိုဘာ ၇ ဟာမတ်စ်တိုက်ခိုက်မှု

အရပ်သားတွေအပေါ် အကြမ်းဖက်မှု
ပေါက်ကွဲမှုများနဲ့ အဝေးထိန်းအကြမ်းဖမ်းမှုများ
တိုက်ပွဲများ

Source: ACLED

အောက်တိုဘာ ၇-၉ အစ္စရေးရဲ့ တုန့်ပြန်ချက်

ပေါက်ကွဲမှုများနဲ့ အဝေးထိန်းအကြမ်းဖမ်းမှုများ
အရပ်သားတွေအပေါ် အကြမ်းဖက်မှု

Source: ACLED

ပေါက်ကွဲမှုများနဲ့ အဝေးထိန်းအကြမ်းဖမ်းမှုများ

Source: ACLED